ပလက်စတစ်ပန်းများ
ပန်းတစ်ပွင့်လောက်မှ
မရဲရင့်ကြ
ငါတို့ဘဝတွေ။
သေတစ်နေ့၊ မွေးတစ်နေ့ပေါ့
ပန်းတစ်ပွင့်လို မပွင့်လန်းရဲ၊
ပန်းတစ်ပွင့်လို မမွှေးပျံ့ရဲ၊
ပန်းတစ်ပွင့်လို မကြွေနွမ်းရဲ၊
ဘာကိုမှ မရဲတရဲ
ပလက်စတစ်ပန်းတွေလို
ပုံမပျက်
သေလျက်ရှင်သန်ဖို့အရေး
ကြိုးစားနေကြသ၍။
(၉ နာရီ ၂၁ မိနစ်၊ ၂၄ မတ် ၂၀၂၃)
မြားချက်
မောင်ချောနွယ်ကဗျာလည်းမဟုတ်
မောင်သိန်းဇော်ကဗျာလည်းမဟုတ်
ဘဝက လျှပ်စစ်မီးလို
ဘယ်အချိန်လင်းပြီး ဘယ်အချိန်ပိတ်မလဲမသိရ
မင်းဆံနွယ်စတွေမှာ ငါ့ ဘဝကိုချိတ်သီ
ငါ လူဖြစ်ပြီလား။
မရေရာတဲ့ ပြဇာတ်မို့
အင်ဂျင်ကို သပ်ခဲ့တယ်၊
လေတွေတိုက်တိုင်း
မိုးတွေရွာတိုင်း
လက်မောင်းထဲ စီးနေတဲ့ သွေးစက်တိုင်း
မင်းမျက်ဝန်းတွေပါနေတုန်း။
တဖန်
နောက်ကျောပြန်လှည့်လာရာမှာ
ဒဏ်ရာတွေကအပြည့်
ငါ့ကိုမေ့ပါ
သီချင်းတွေမဆိုပါနဲ့
ကဗျာတွေ မဖတ်ပါနဲ့တော့။
ဘဝလမ်း
ဘဝထဲ
ဘာကိုမျှော်လင့်လို့ကူးခတ်ကြတယ်ရယ်မသိ
ခြေထောက်တွေ သန့်ရှင်းသလောက်
စိတ်ဓါတ်တွေညစ်ထေးကြ။
ကံကြမ္မာက မီးစတစ်ဖက်၊ ရေမှုတ်တစ်ဖက်
ရွှေအိပ်မက်နဲ့ ညနက်နက်မှာ
မျှော်လင့်စရာဟာလည်း ဘဝ
နာကျည်းစရာဟာလည်း ဘဝ
သတိထား
ဘုရားကြိုက်အောင်နေ။
၂၉ မတ် ၂၀၁၉
ခြေရာ ၃၀ (၅)
စိတ်မကောင်းခြင်းများစွာနဲ့
စက္ကန့်တွေ တစ်လွှာချင်းခွာချ၊
ဘဝက
နှယ်နှယ်ရရ ဒုက္ခလားကွယ်။
ဒဿန
သတင်းတွေလျော့ဖတ်
သီချင်းတွေများများနားထောင်ပါ
ခေတ်ကြီးမှာ
ငြိမ်းချမ်းမှုဟာ အညာကမိုးရေတစ်စက်ထက်ပိုရှား။
လူတို့
ကိုယ့်အပူနဲ့ကိုယ်
သံသရာတွေဆောက်ကြ
မြက်ရိုင်းတွေလောက်မှ
ဘဝမှာ
လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်မရကြရှာ။
သောကတွေ အလျံငြီးငြီး
ပူပြင်းတဲ့ကမ္ဘာကြီးမှာ
ပျော်အောင်နေပါ
စိန်ပန်းတွေပွင့်လို့ ပျော်အောင်နေပါ
ပုစဥ်းရင်ကွဲတွေအော်လို့ ပျော်အောင်နေပါ
ဖုန်းလိုင်းမိလို့ ပျော်အောင်နေပါ
ရထားမီလိုက်လို့ ပျော်အောင်နေပါ
ပျော်အောင်သာနေပါ
လှိုက်ကြွေနေတဲ့မျက်ရည်ဆိုတာ
နေပူရုံနဲ့ အငွေ့ပျံခြောက်ခန်းသွားမှာမှမဟုတ်တာ။
ခြေရာ ၃၀ (၄)
မပျင်းမရိ
ဖြစ်တည်ခြင်းကို ယုံကြည်ဖို့ခက်၊
အသက်ဆိုတာ
မတွက်စကောင်း။
ခြေရာ ၃၀ (၃)
စိတ်ဓါတ်
ကျတာရှိမယ်၊ တတ်တာရှိမယ်
အရှုံးမပေးတဲ့ကြယ်တွေ
လင်းမြဲ၊ လင်းဆဲ
ငါသာ တစ်ကိုယ်တည်း
ညထဲ
ရင်ကွဲပက်လက်။
ခြေရာ ၃၀ (၂)
ကဗျာက ဘယ်လိုအဆုံးသတ်ရမယ်မသိသေး
ဘဝက အဆုံးသတ်သေချာရှိနေနှင့်ပြီးပြီ၊
အားတင်းထား ဆို… ဆိုပြီး
အားတင်းထားမိလိုက်ပုံများ
နှစ်သုံးဆယ်တောင် ကြာခဲ့ရပေါ့။
ခြေရာ ၃၀ (၁)
အသက် ၃၀ မှာ ဘဝက
ဖြောင့်ဖြောင့်ကြီးမသွားတော့ဘူး။
ကွေးကွေးကြီးသွားတယ်
ကောက်ကောက်ကြီးသွားတယ်
ကန့်လန့်ကြီးသွားတယ်
တွန့်တွန့်ပြီးသွားတယ်
ရှပ်ထွေးပွေလိမ်ပြီးသွားတယ်
လေပေါ်ပျံပြီးသွားတယ်
မြေထဲလျှိုးပြီးသွားတယ်
တွားသွားပြီးသွားတယ်
ရေငုတ်ပြီးသွားတယ်
အမြင့်ထိတတ်ပြီးသွားတယ်
ဇောက်ထိုးကျပြီးသွားတယ်
မသေရုံတစ်မယ်
လိမ်ဖယ်လိမ်ဖယ်နဲ့
ရှူကယ်ရှူကယ်သွားနေရတယ်။
ပြာစများ
ထို့နောက်
သူမ ဘယ်သောအခါမှ ပြန်မလာတော့ပါ
မျက်ရည်များစွတ်စိုနေသော ပြက္ခဒိန်စာရွက်တချို့
ဆုတ်ဖြဲခဲ့ရသည်
အချိန်ကာလတစ်ခု၌
မေလသည် ဆောင်းတိုင်အောင်ရှည်လျား၏
အလွမ်းသည် အချစ်ထက်ပို၍စစ်မှန်ခဲ့လေပြီ။
အချစ်ဦး
အလွမ်းဟာ
စက္ကန့် မိနစ်မရွေး
မိုင်ရာချီပြေးတယ်။
သူမ ထင်မှတ်မထားတဲ့ အခိုက်အတန့်လေးတွေထဲမှာပဲ
ဘဝဟာ တဖြည်းဖြည်း
ကျွံကျ နစ်ဝင်သွားခဲ့ရပေါ့။
တိမ်ခိုးမဲ့ ညဉ့်သန်းခေါင်ယံ
ည…
တစ်ညလုံးမှာ
ကြယ်တစ်လုံးပဲ လင်းခဲ့တယ်။
စာမျက်နှာတစ်ဆယ့်ငါး
အတိတ်ဟာ
ဟိုး… တစ်နှစ်က နွေရာသီရယ်လို့ ပြောစမှတ်တွင်ရစ်မယ့်
ရာဇဝင်ဟောင်းတစ်ခုအဖြစ်
ညထဲမှာ သိုသိုသိပ်သိပ်။
လေတိုက်တိုင်း ရင့်ရော်လာနေတဲ့ နာရီလက်တံတွေနဲ့အတူ
အရာရာဟာ ခြောက်ခြောက်သွေ့သွေ့
စကားလုံးတွေ ခြောက်ခြောက်သွေ့သွေ့
မျက်ဝန်းနက်တွေ ခြောက်ခြောက်သွေ့သွေ့
ဒီလိုနဲ့
အလွမ်းကို မျက်နှာချင်းဆိုင်ရင်း ရွေ့ခဲ့တယ်။
ကြယ်ရောင်အောက်မှာပဲ
အတိတ်ဟာ
အငွေ့ပျံနေဆဲ။
( 27-09-2015 – 12:56 am )
မျိုးဆက်
ကောက်ရိုးတွေကိုပဲ ထမ်းလာခဲ့ကြ
ခေတ်တွေ တစ်ခေတ်ပြီးတစ်ခေတ်
Globalization ဆိုတာကြီးထဲ
မျက်စေ့သူငယ်၊ နားသူငယ်
အမေက အသက်(၆၀)။
ကြာတော့လည်း…
စက္ကူတွေနဲ့ လူတွေနဲ့
ဆူးတွေများသမျှ ကာလပတ်လုံး
ငါတို့ဟာ
မျှော်လင့်ချက်အပြည့်နဲ့
ပေတစ်ရာကိုလည်း နမ်းခဲ့ကြရ၊
ငါတို့ဟာ
တို့ခြေလက်တွေနဲ့
သမိုင်းစာမျက်နှာတွေပေါ် ကုတ်ခြစ်ခဲ့ကြ။
လက်ပံတွေ တစ်နှစ်ပြီးတစ်နှစ်ပွင့်သလို
တို့တွေ ရဲရဲနီခဲ့၊
ရာစုနှစ်ပေါင်းများစွာမှာ
ကိုယ့်ရုပ်ကြွင်းကိုယ် ပြန်တူးဖော်ကြည့်ရင်
မရှက်မိရအောင်
ကလေးတွေကို ထမင်းခွံ့ခဲ့ဖို့ လိုတယ်။
( ဒေါ်အောင်ဆန်းစုကြည် အသက်(၆၀) ပြည့် အမှတ်တရအဖြစ် ရေးသားခဲ့ခြင်းဖြစ်သည်။ )
ဟန်နီ ပိတောက်တွေ ရာသီမှားပြီးပွင့်ခဲ့ကြတယ်
ငါက သိုးမည်း
ဘယ်တော့မှ ပြန်လည်ကောင်းမွန်လာမှာ မဟုတ်တော့တဲ့
ချို့ယွင်းနေမယ့် စက်တစ်ခုပဲ။
ဘဝတို့ မိုးရေစက်တွေထဲ
ပစ်စလက်ခတ် ကျေမွ
ငါ့အနားမှာ အချစ်သီချင်းအကောင်းစားတစ်ပုဒ် သီကျူးနေဖို့မလိုဘူး
ကျိန်စာမိနေတဲ့ လမ်းတွေထဲကိုပဲ
တစ်လှမ်းချင်း တိုးဝင်။
မြားတစ်စင်းရဲ့ အဟုန်နဲ့
လှလှပပ ကွဲရှခဲ့တဲ့နေ့တွေမှာ
ဟန်နီ
ပိတောက်တွေ ရာသီမှားပြီးမှ ပွင့်ခဲ့ကြတယ်။
ခုတော့ မထူးဘူး
ရထားဟာ သံလမ်းကိုစွန့်ခွာမရတော့တဲ့အဆုံး
သံသရာတစ်ခုလုံးစာ အရေခွံဖုံးအုပ်
ကြိုးရုပ်ဘဝနဲ့ အဆုံးမဲ့ရွက်ကိုလွှင့်လေတယ်
ဟန်နီ မြင်ကြည့်စမ်းပါလှည့်
နှလုံးသားမဲ့ တိမ်တိုက်တွေ။
တနင်္ဂနွေ နံနက် (၁၂) နာရီ (၂၉) မိနစ်၊ မေ(၂၄)ရက်၊ (၂၀၁၅)ခုနှစ်။
ကျိန်စာမိနေတဲ့ နာရီများ
ဘာ့ကြောင့်သောက်သောက်
အားလုံးကို မေ့ပျောက်နိုင်အောင်သောက်
ကျိန်စာမိနေတဲ့ နေ့တွေမှာ
အသက်ရှုမိတာကအစ
နှလုံးသွေးစီဆင်းနေတာအဆုံး
ငါ့မှာြဖစ်ပျက်သမျှ အကုန်လုံးမှားတယ်
ကော်ဖီထက် အရက်ကို ပိုကြိုက်လို့မဟုတ်
အချစ်ထက် အလွမ်းကို ပိုနှစ်သက်လို့မဟုတ်
ဒုက္ခကို ပိုမက်မောလို့မဟုတ်ပါဘဲ
ငါ့မှာပိုင်ဆိုင်သမျှ ဘဝလက်ကျန်နာရီတွေထဲ
ဒဏ်ရာတွေပဲ အပြည့်
ကျိန်စာမိနေတဲ့ နေ့တွေထဲဆို
ဘယ်အတွေးကို စစ
ဘယ်ဒေသကို ရောက်ရောက်
ဒဏ်ရာတွေဟာ ဖျောက်မရဘူး
ကျိန်စာမိနေတဲ့နေ့တွေထဲ တိုးဝင်ဖို့
စိတ်ကို အလျားလိုက်ဖြန့်ခင်း
လောကဓံဝပ်ကျင်းလေးထဲ အသားကျအောင်ထည့် လို့
ကံကြမ္မာရေဆန်လမ်းရဲ့ နာရီတို့ကို ကြိုမယ်
နေ့တွေလာမလား ညတွေလာမလား
ခရမ်းရောင် နှုတ်ခမ်းပါးလေးတွေ ဝေဝါးသွားတဲ့အထိ
အားတင်းကာ ဆက်လက်ရှိနေဦးမယ်
အကြိမ်ကြိမ်အဖန်ဖန်
အပြန်ပြန်အလှန်လှန်မီးပူထိုးလို့လည်း
ပြန့်ပြူးမလာတော့တဲ့ ဘဝတစ်ခုမှာ
များများစားစား မလိုပါဘူး
ကျိန်စာမိနေတဲ့ နာရီတွေကုန်လွန်စေဖို့
အပူချိန်ဒီဂရီလျော့ကျစေမယ့်
ရေခဲတုံးသေးသေးတစ်ချို့ပဲလိုတယ်။
မေ (၁၈) ရက်၊ (၁၂) နာရီ (၅၀) မိနစ်
မသေချာဘူး
သောက်လက်စကော်ဖီက လျာပေါ်ဖြတ်အစီးမှာ
ခုန်နေတဲ့နှလုံးသား ရပ်တန့်မသွားဖို့ မသေချာဘူး။
ဘယ်နေ့ပြန်လာမှာလဲ မသေချာဘူး။
ဘယ်နေ့သွားမှာလဲ မသေချာဘူး။
ဘယ်ကိုသွားမှာလဲ မသေချာဘူး။
မသေချာဘူး မသေချာဘူး
သေချာတာတွေတောင် မသေချာဘူး။
ကိုယ့်ကိုကိုယ် ဘယ်အချိန်သေရမှာလဲတောင် မသေချာဘဲ
မနက်ဖြန်မနက် ၁၁ နာရီခွဲ
သူမကိုတွေ့ဖို့ ချိန်းထားလိုက်မိသေးရဲ့။
လေလွင့်လူ
ဝေဒနာတွေစိုးရိမ်အမှတ်
ငါ့ကိုယ်ငါတည့်မတ်ဖို့ခက်နေတယ်
လောကဓံဟာ တို့ငယ်ငယ်တုန်းကလို
ပန်းပေးပြီလို့လည်းပြောလို့မရ
မျှော်လင့်ချက်တစ်သီတစ်တန်းနဲ့
ဘဝကိုကံစမ်းခဲ့ပြီးမှ
ငါ့ကြမ္မာ
ဘာနက္ခတ်တွေများလာမှားနေသေးရဲ့
စောင်းနေတဲ့ကမ္ဘာကြီးမှာ ငါ့ကိုယ်ငါတည့်မတ်လို့မရ။
(27/07/2010)
ငဲ့လို့ဖြင့်ပြုံးပါဦး
ငဲ့လို့ဖြင့်ပြုံးပါဦး
မျက်လုံးနီလာ၊ ကြည်ပြာရွှန်းလဲ့
ပိတုန်းကေသာ
လေအလာနွဲ့ယိမ်းလို့လွင့်တဲ့ပြင်
လဲ့စိမ်းမြသွေးကြောရှင်ကို
မြင်ရုံတမင်လှမ်းလေသလား
ခြေဖျားအသာလှဲ့ပြန်တော့
ဝင်းလဲ့လဲ့မြင်လိုက်သည်။
ယခင်နေ့ဆီက
မြင်တွေ့မည်အမျှော်ကြီးရယ်နှင့်
အပျော်ကြီးပျော်ပါလို့
ပေါ်မလာ မျှော်ကာတမ်းရတယ်
လွမ်းစရာရယ်ဘယ်မသိသော်လဲ
လွမ်းမိသည်ဟန်မလှေပဘု
နွမ်းလျခဲ့ပြီ။
ပြောရဦးမယ်နော်
မျက်ဝန်းပြာမှာပျော်ဝင်ခဲ့ရ
ခါတရံညများဟာဖြင့်
ရယ်သံတွေဖမ်းစားနိုင်လွန်းရဲ့
လွမ်းဖွယ့်အပြုံးဘယ်မမေ့လို့
နေ့တို့ရက်တို့ရူးတော့မည်
ထာဝရပင်ရည်စူး။
ငဲ့လို့ဖြင့်ပြုံးပါဦး
မျက်လုံးနီလာ၊ ကြည်ပြာရွှန်းလဲ့ကိုမှ
မေ့မရညစဉ်
တွေ့ရလျင်နာကျင်လို့ရူးလိမ့်
ဖြေသိမ့်ရာနေရာမရှိပါလည်း
ဝေဒနာပိကာလဲရော့ထင့်
နှင်းဆီရောင်လွင့်ပါးပြင်ကို
နားခိုချင်အကြည့်ရိုင်းကြောင့်
ညတိုင်းပင်အိပ်မဖြောင့်သည်
စောင့်စားမျှော်ရည်
ခပ်လှမ်းလှမ်းဆီက
လေအပြေးမှာ ခြေကလေးအသာလှဲ့လို့
ကေသာမှောင်သွဲ့သွဲ့ပြောင်းနှင့်
မျက်လုံးကြည်ပြာရှင်ရဲ့
ငဲ့လို့ဖြင့်ပြုံးပါဦး။ ။
(03/10/2008)
ဆရာဇော်ဂျီ၏ မျက်လုံးနီလာ ကဗျာကို အတုခိုးရေးသားထားခြင်းဖြစ်သည်
အတုယောင်များ
ကောင်းကင်အတု
မိုးတိမ်အတု
မြေအတု
ရေအတု
လေအတု
သစ်ပင်အတု
မြက်ခင်းအတု
တောအတု
ပန်းအတု
လူအတု
မေတ္တာအတု
သစ္စာအတု
မျက်ရည်အတု
အပြုံးအတု …။
life 1 2 3
ခေါင်းစဉ်က အစ လွမ်းစရာ မကောင်းဘူး
နေ့ထဲ
အသက်ရှိသ၍ ရွေ့ ရတယ် ။
အတ္တနဲ့ ပြည့်ကျပ်ပုပ်လှောင်
သံဘောင်နှစ်ခုကြား
ကြားကန်သွားလာနေရတဲ့ ရထားလေးလို
ငါ့ နေ့တွေ ငါ
ပြန် သနားမိရဲ့ ။
သစ်ရွက်စိမ်းတွေ မကြွေဘူး ၊
သစ်ရွက်ခြောက်တွေလည်း မကြွေဘူး
ရာသီတိုင်း
ဘဝထဲက ဘဝအပိုင်းအစတွေပဲ ကြွေ ကျ တယ် ။
အတုယောင်တွေဖန်ဆင်းထားတာမို့
အရာရာတိုင်းကို ငါ မခံစားတော့ဘူး
မျက်လုံးစုံမှိတ်
စိတ် ကိုပဲ ပျံသန်းဖို့ကြိုးစားကြည့်တော့မယ် ။
about life
ဘဝ က ရွက်ကြမ်းရေကြို
…
နေပူတာမငိုဘူး
ရင်ပူလို့ ငိုတယ်
…
တောမှာပဲ ခိုခို
မြို့မှာပဲ ခိုခို
လူတစ်ကိုယ် နေရာအတွက်
ဆူးခင်းတဲ့ညတွေ နေ့တွေ
ဘဝ နဲ့ ခင်း ၊ နင်းလို့ဖြတ်
အသက်ကို ဆက်ရမယ် ။
…
ကွယ် …
စကြာဝဠာကြီး ဘယ်လောက်ကျယ်ကျယ်
သံသရာတွေ လည်နေသ၍
ဒုက္ခကို သကာဖုံး
ပြုံး လို့ သာ နေရတယ် ..။ ။
( 0:27 – 22/4/2013 )
False Rhyme
ကာရန်အလွဲ
စိတ်ကူးတွေသွန်မှောက်
ကာရန်က ပျောက်နေဆဲ။
ဘယ်မှာလဲ?
ဘယ်နေရာလဲ?
အတိအကျဆိုပေမယ့်
အမိအရမှ မပြနိုင်သေးဘဲကိုး၊
အတွေးတွေ..
ရေးနေလည်း
အဆွေးတွေပဲ။
အိပ်လည်း
စိတ်စွဲ
အရိပ်အကဲ
နိမိတ်လည်း မဖတ်တတ်၊
နောက်တစ်ရက်လာလည်း
နောက်ထပ်သာဆွေးရမယ်။
အတွေးတစ်စ
ရေးချမိတော့
ဝေးမှပဲ ပိုပိုသိလာတယ်
ရင်မချိစရာပါ့
နင်မသိတာက
ငါ့မှာ..
တစ်ဘဝစာ ကာရန်လွဲ။ ။
Disappeared Golden Clouds
ပျယ်လွင့်သွားသော ရွှေရောင်တိမ်တိုက်များ
မကြင်နာလို့ပဲဖြစ်ဖြစ်
ရင်နာလို့ပဲဖြစ်ဖြဖြစ်
တို့တွေ..
ချစ်ပြခဲ့ကြတာပဲ။
မဆုံနိုင်တဲ့လမ်းကိုမှ
အိပ်မက်တွေဆမ်း
ခါးသီးမှုတွေ နမ်းခဲ့ရ
စိတ်ကဗလာ။
ကွဲကွာကြလေသော
ခွဲခွာရလေသော
ဘဝတွေများစွာကိုယ်စား
မျက်ရည်နဲ့ပါးပြင်ကိုလည်း
ငါ အားနာမိ။
သစ္စာတွေ အထပ်ထပ်လည်း
မေတ္တာဖြေဖျက်လေတော့
နွေရက်ရှည်ထဲမှာ
ဝိညာဉ်တစ်စုံလွင့်နေဆဲပ
ချစ်ခြင်းများ ဇီဝိန်ကြွေ။
ဆန္ဒရယ်… ဘဝရယ်
ထပ်တူထပ်မျှမကျတဲ့အခါ
ပျော်စရာတဒဂ်
လှိုင်းကြက်ခွပ်ရေမှာထသလို
နိဒါန်းစဆဲအချစ်
နုနယ်ပျိုမျစ်တုန်းမှာပဲ
နေဝင်ခဲ့ရပြီ။ ။
၃:၃၀ pm
18,6,2011/sat
Darli Song
ဒါလီသီချင်း
စီးကရက်တစ်လိပ်လို ရှိုက်ပစ်လိုက်လို့လည်း
ဒီအချစ်က ကုန်သွားတာမဟုတ်လေတော့…
ပုစဉ်းရင်ကွဲတွေလို
မင်းနာမည်တွေကို
ရင်ကွဲခံပြီးအော်၊
သိလား?
အာဆင်နယ်-မန်ယူ ထက် ပို အရေးကြီးတဲ့ ကိစ္စ
မင်း ခြေလှမ်းကို ဘယ်ကစလှမ်းသလား
ညာက စလှမ်းသလား။
အက်ဒီဆင်သာ မရှိခဲ့ရင်
ညတွေဟာ ညတွေအတိုင်း လား…
မင်းသာ မရှိရင် တော့
နေ့တွေဟာ ညတွေအတိုင်း
အိပ်မက်တွေဟာ
မင်း လက်ဖဝါးနုနုလေးတွေ အကြောင်း
မင်း ဆံနွယ်မွှေးပျံ့ပျံ့တွေအကြောင်း
ဒါနဲ့ပဲ…
ဘဝတစ်ခုလုံးကို
မင်း ပါးချိုင့်လေးထဲ ပစ်ထည့်လိုက်ပြီး
ကိုလေးဖြူကြီးလို…
‘သိမ်ငယ်နေပြီ ဒါလီရေ..’ ။ ။
၅၊၅၊၀၉
Dark Night
ညနက်
ည ကို အလှပျက်စေခဲ့တာ
ဒီ မိုးပေါ့၊
ကောင်းကင်ကြီးမည်း… လို့
ကြယ် လည်းမရှိ
လ လည်း မရှိ
ဘယ်ကြည့်ကြည့်
တကယ်ရှိနေတာက
ငါ့ အလွမ်းတွေ ။
ယိမ်းနွဲ့လှုပ်ရှား
ကိုင်းဖျားလေးတွေမှာ
မိုးစက်တွေသာ ခိုစီးနေကြရင်
ဆူညံပေါက်ကွဲ
ဟော! ဒီရင်ထဲမှာတော့
မင်းနာမည်တွေပေါ့ကွာ။
ချစ်သူရာ
ဒီအတိုင်းပဲရပ်ပြီး
ဒီအတိုင်းပဲ ဆက်သွားဖို့
မျက်ရည်တွေ စို့ စို့လာရ
ဘဝကြမ်းအခွံကြီးထဲ
အလွမ်းနွံချည်းပဲနစ်နေတော့မှာ။
မကယ်ပါနဲ့
ဖယ်ခွာခဲ့သူ
အပူကူလို့မှောင်တဲ့ည
ဒီထက်ပို နက်ပြနိုင်ဦးမလား..။ ။
မာယာအတွက် သီချင်းတစ်ပုဒ်
အဖြစ်အပျက်မှာ…
ရာသီရွေ့ ဆံနွယ်ခွေရှည်လျား
အိပ်မက်များများ ၊ ညများများ
စောင့်သိမှု သစ္စာ
ချွေးဥစို့စို့ လက်တွဲမြဲခဲ့သမျှမှာ
မိုး… တစ်မိုးတည်းအောက်
မြေ… တစ်မြေတည်းပေါ်
ပင်လယ်ဆီ မစီးဆင်းခဲ့တဲ့မြစ်
‘ချစ်တိုင်းလည်း မငြား ဒီစကားကိုသာ’
ခါးခါးသီးသီး ခါးခါးသီးသီး
ခါးခါးသီးသီး နာရီလက်တံတွေ အန်ထုတ်
ဒိုင်ယာရီပေါ်ထွက်ကျလာတဲ့အပြုံးမှာ
မှော်ဝင်နေတဲ့ အပြုံး
ပဉ္စလက်ဆန်ဆန်အပြုံး
လှည့်စားထားတဲ့အပြုံး
ငါ အံ့သြရဲ့
ငါ အံ့သြရဲ့ တစ်ခါက မိလွမ်းပို
လှည့်စားခြင်းရဲ့ အနုပညာပြကွက်
ငါ့ သစ္စာတရားများစွာကို ရိုက်ချိုးပေါ့
ယုတ္တိဆန်ဆန် တွယ်နှောင်ရစ်ဖွဲ့
ဖြူစင်သွယ်လျ လက်တွေ မြွေလို
ခုတော့ မြွေလိုပဲ
နှလုံးခုန်သံ တစ်ချက်တစ်ချက်တိုင်း နာကျင်ရဲ့
စိတ်နဲ့
အဲဒီစိတ်နဲ့ပဲ မာယာရဲ့
တစ်ရှုးစ ချွေးစိုစိုသုတ် ချေမွ ပစ်လွင့်သလိုပါ့
ဘဝပါးပါးပါ
မာယာရေ…
နင့် ဖိတ်စာမွှေးပျံ့ပျံ့ပေါ်
ဘဝပါးပါးတစ်လွှာ
လွင့် လို့ ကြေ ။ ။
Brand
တံဆိပ်
ညဟာ…
(သူ့ကိုယ်သူ) ညဖြစ်ကြောင်း
‘လ’ ကို ဆောင်းလို့။
ဆောင်းဟာ…
(သူ့ကိုယ်သူ) ဆောင်းဖြစ်ကြောင်း
‘နှင်း’တွေကို ခြုံလို့။
ငါဟာလည်း
ငါဖြစ်ကြောင်း
…
အလွမ်းတွေ ပွေ့ပိုက်လို့ပေါ့။ ။
အက်ကြောင်းများ
မျက်ရည်ပေပဲ
ကဗျာထဲက စိမ့် ကျ လာ။
တောင်ကုန်းလေးပေါ်
သစ်ပင်လေးအောက်
တို့ ခြေထောက်တွေညောင်းလာတဲ့အထိ
နေပူကြီးမှာပဲ
ဘဝဟာ ပန်းလိုလန်းခဲ့ကြရပုံ။
စီးကရက်အတိုတွေများလာတာ မင်းမကြိုက်ဘူး
တစ်ကယ်တမ်း
ငါ့ကျန်းမာရေးကိုထိခိုက်စေတာက
မင်းသတင်း အစအနတွေ။
ချစ်လျက်နဲ့ငါ
ချစ်လျက်နဲ့မင်း
ကံကြမ္မာဆိုးတွေက လေကလေးတချွန်ချွန်နဲ့
မိုးတွေရွာနေဆဲ
တို့ဘဝတွေ။
သူမ၏အကြောင်း
သူမဟာ မင်းသမီးတစ်လက်ဖြစ်တယ်။
သူမဟာ ဓားတစ်လက်လည်းဖြစ်တယ်။
သူမဟာ ကြယ်တစ်စင်းဖြစ်တယ်။
သူမဟာ မြားတစ်စင်းဖြစ်တယ်။
သူမဟာ ကဗျာတစ်ပုဒ်ဖြစ်တယ်။
သူမဟာ စစ်ပွဲတစ်ပွဲဖြစ်တယ်။
သူမဟာ နေ့ရက်တစ်ရက်တည်းရှိတဲ့
ကမ္ဘာလေးတစ်ခုဖြစ်တယ်။
ကျွန်တော်ရောက်လာခဲ့ပြီးတဲ့ လများစွာအတွင်းမှာ
(ဒီနေ့ထက်ထိ)
ငြီးငွေ့စရာကောင်းလှတဲ့ ထပ်တူကျနေ့ရက်တွေထဲ
သူမ
ချိုးခြံချွေတာစွာ နေထိုင်နေပါတယ်။
(၁၈)ရက်နေ့ကို ငါသိပ်မုန်းမိတယ် အိဖြူရယ် ဆိုတဲ့အကြောင်း
မျှော်လင့်သမျှဟာ မီးကျွမ်းသွားတဲ့နှင်းဆီတစ်ပွင့်
ဖြစ်ကရော…
လွမ်းလေသူမှာစကား ပါရဲ့
ချစ်လေသူချစ်စကား ဆိုရဲ့
ထိပ်ထိပ်လန့်လန့် လေပြင်းလာသလို
အမှောင်ကိုကြောက်သလို
မုန်တိုင်းကိုကြောက်သလို
ထိပ်ထိပ်လန့်လန့်
နင်ပြေးထွက်လေတယ်။
နာရီလက်တံတွေ ဒရွတ်တိုက်ဆွဲ
ငင်ရာနောက် သောကဗျာဗွေတရှပ်ရှပ်
မိခင်ကွဲ ဖခင်ကွဲ မုန်တိုင်းထဲ ရင်သွေးငယ်
အမိကို တမ်းသလိုပါ့
နင့်စိတ်နဲ့ရှင်သန်လာရသူ ဘဝတစ်လျောက်
နံရံအထပ်ထပ်ခြားစေမယ့်
နင် စကားကိုဆိုရက်။
ပွင့်ခဲ့သမျှနှင်းဆီတိုင်း နင့်ရနံ့တွေချည်း
အရုဏ်တတ်တိုင်း နင့်အပြုံးနဲ့မျက်နှာသစ်သူကို
မိုးစက်တစ်စက်တိုင်းမှာ…
အမုန်း(၅၀%)၊ ဥပေက္ခာ(၃၀%)၊
ရက်စက်မှူ(၂၀%) နဲ့
ငါ့အပေါ်ရွာလေတယ်
မိုးစက်များစွာ ရွာလေတယ်။
ငါ့ချစ်ခြင်းများစွာ
ငါ့ကြင်နာခြင်းများစွာ
နင့်ဥပေက္ခာဖြစ်ရော့လား
မုန်းဖို့ကိုပဲ စဥ်းစားလေသူရဲ့
ကြည်နူးမှုတွေ သဲပြင်ပေါ်ကရေအိုင်လေးလို
အဲသဟာပေါ့ ငါဟာ
မီးမြိုက်ခံရတဲ့ နှင်းဆီတစ်ပွင့်။
သစ်ပင်တစ်ပင်ဖြစ်ဖြစ်
သစ်ကိုင်းတစ်ကိုင်းဖြစ်ဖြစ်
သစ်ရွက်တစ်ရွက်ဖြစ်ဖြစ်
နင့်မျက်နှာနေမထိအောင်
ငါ ဖြစ်ရရင်
ငါကျေနပ်ပါ့ရဲ့
နင် ကျေနပ်ပါလှည့်။ ။
(၁၈၊ ၀၅၊ ၂၀၀၉။ တနင်္လာ)
summer night
နွေည
ဆေးလိပ်တွေက တစ်လိပ်ပြီးတစ်လိပ်
နွေညတွေက တစ်ညပြီးတစ်ည၊
နေပြီးလ လပြီးနေ
အရှေ့အနောက်မျက်စိနောက်ရုံကူးခတ်လို့
ကျလာတဲ့ရက်တိုင်းဟာ ပြဿဒါး
ဒုက္ခပြီးမျှော်လင့်စရာဟာလည်း ဒုက္ခ
သင့်မှာပျော်ရွှင်ခြင်းရှိရင် ခဏငှားပါ။
အရပ်လေးမျက်နှာ
အရပ်ဆယ်မျက်နှာ
ကြည့်လေရာရာ မိုးသားမိုးရိပ်မမြင်
ဒါပေမယ့် မိုးရွာပါစေဆုတောင်းဆဲ
ဆေးလိပ်က တစ်လိပ်ပြီးတစ်လိပ်
နွေညတွေက တစ်ညပြီးတစ်ည
ဘီ(လ်)ဂိတ်က ဒီလိုပြောတယ်
ဆင်းဆင်းရဲရဲမွေးလာတာ သင့်အပြစ်မဟုတ်
ဆင်းဆင်းရဲရဲသေရလျှင် သင့်အပြစ်
အလုပ်အကိုင်က ကဗျာဆရာ
ယုံကြည်ကိုးကွယ်မှုက အချစ်နဲ့သစ္စာ
Jazz ဂီတကြိုက်တယ်
Cappuccino ကြိုက်တယ်
ပင်လယ်ကြီးလောက်ကျယ်တဲ့ သောကတွေကိုပိုင်ဆိုင်ပါတယ်
နေရောင်အောက်မှာနေထိုင်ပါတယ်
လေအေးပေးစက်ဖွင့်လိုက်ရင်
ကြယ်တွေကြွေကျလာလိမ့်။ ။
There has no title for this poem
ညတိုင်းကို အလွမ်းနဲ့ ယက်လုပ်ထားတယ်။
အသဲကွဲခြင်းနဲ့
အသဲကွဲသွားရခြင်းနဲ့
ခေါက်တုံ့ခေါက်ပြန်ကူးလျောက်လို့
ကျွန်တော့်ဘဝလေးလည်း သံသရာလည်။
ညီမလေး လက်ချောင်းတွေကြားက ရုန်းမထွက်နိုင်လို့
ဒီကဗျာကိုခေါင်းစဉ်မပေးတော့ဘူး။
အပ်တစ်ဖျားစာဘဝလေးမှာ
စကြာဝဠာကြီးလောက်ချစ်တဲ့အကြောင်းပြောတော့
ကျွန်တော့်ကိုယုံပါတယ်
သူ့ကိုတော့ မယံပါနဲ့ တဲ့။
သစ်ရွက်လေးပေါ်
လျောတိုက်လိမ့်ဆင်းလာခဲ့ပြီး
အဖျားမှာ တွဲလွဲခိုနေတဲ့ မိုးစက်လေးလို
ကျွန်တော့်ညီမလေး အချစ်က
ကျွန်တော့်ဘဝမှာ ခဏ နားခို။ ။
(30/4/2009)
ရှေ့တွင်လမ်းလွှဲရှိသည်
အလွမ်းနဲ့သာပဲ … တဲ့
အဆုံးသတ်ကို လှမ်းမြင်နေရတယ်
ဆိုတော့
ကိုယ်တိုင်ကမှ
ထိလွယ် ရှလွယ်
ကြွေလွယ် နွမ်းလွယ်။
မိုးမလင်းမီစပ်ကြား
နှစ်ပါးသွားပြီး လက်ကျန်ငိုချင်းရှည်
ရာသီစာမှာ
နွေဦးမိုးရယ်နဲ့
နွေဦးမျက်ရည်ရယ် နဲ့
ည ကို ထိုးခွဲလိုက်တဲ့သီချင်းသံက
မျက်ရည်ပြဇာတ်
မသွားပါနဲ့ဦးလို့
မြားရှေ့မှာ ရင်ဘတ်ကြီး ကန့်လန့်ခံ
ကွယ်…
အချစ်ချည်း သက်သက်နဲ့ ဆိုတော့လည်း။ ။
( 17/3/2009 )
အလွမ်းဇာတ်
အလွမ်းကို အလွမ်းနဲ့သာပဲ ကု ရ
အလွမ်းတွေ တောရိုင်းထ
ကဗျာတစ်ခက် နွေနေထက်
ချိတ်ဆွဲ
ညက အိပ်မက်လေး ရှေ့မှာ
ဖြတ်အပြေး
အခန်းရှေ့ ဝေ့ဝိုက်
လေတိုက်တိုင်း ဒဏ်ရာရ။ ။
( 10/3/2009 )
ဒါပေမယ့် ငါ မျှော်လင့်ခဲ့တယ်
ငါမျှောင်လင့်ခဲ့တယ်
ပူလောင်ခြောက်သွေ့ ကောင်းကင်ကို
မော့ကြည့်နေတဲ့ ပတ်ကြားအက်မြေသားတွေရဲ့မျှော်လင့်ခြင်းမျိုး
နှင်းဆီရဲ့ ဆူးခက်တွေပေါ်
မိုက်မိုက်ကန်းကန်း ဖက်တွယ်တက်လာတဲ့
ဆပ်ပြာပူဖောင်းလေး ငါပါ
နင့်နှလုံးသားဟာ သစ်သားပန်းပုတစ်ခုဖြစ်နေလိမ့်
ဒါပေမယ့် ငါ မျှော်လင့်ခဲ့တယ်
ကဗျာတွေရေးပြီး ငါ မျှော်လင့်ခဲ့တယ်
သီချင်းတွေဆိုပြီးငါမျှော်လင့်ခဲ့တယ်
နင် မျက်နှာလွှဲလိုက်တဲ့ခဏ
အလွမ်းတွေက ဒီရေလိုမြင့်တက်သွားတယ်
နင့်အခန်းရှေ့မှာ ရပ်ရင်း ငါ မျှော်လင့်ခဲ့တယ်
နင့်ခြေလှမ်းတွေရေတွက်ရင်း ငါ မျှော်လင့်ခဲ့တယ်
သူရဲကောင်းတွေကတော့ မြေအောက်ရထားတွေလို
ဘူတာစဉ် ခုတ်မောင်းသွားကြ
သူရဲကောင်းမဟုတ်သူမှာသာ
အသဲကွဲသူများနေ့လက်ဆောင် တပုံကြီးရယ်နဲ့…
ဒါပေမယ့်… ငါ မျှော်လင့်ခဲ့တယ်။ ။
မြစ်ကျိုးအင်း
မြစ်က စွန့်ပစ်ခံရတဲ့ မြစ်ကျိုးအင်းတစ်ခုလို
အချစ်တွေနဲ့ ငါ့ကို
ချန် ထားခဲ့ပြီး
အချစ်တွေနဲ့ပဲ
မင်း ဆက်လက်စီးဆင်းနေ။
ငါရေးသမျှကဗျာဟာ
မင်းမျက်ဝန်းတွေပဲ
မင်းလမ်းလျောက်သွားလို့ ကျန်နေရစ်တဲ့
ခြေရာတွေက အစ ပေါ့။
ထားပါတော့
ကျောခိုင်းသွားမှာစိုးလို့
မျက်နှာချင်းဆိုင်ထားပြီးမှ
ငါ့ကျောဘက်မှာ
မင်းက အခြားအိပ်မက်တစ်ခု ကို မျှားရင်း ။ ။
( 20/2/2009 )
နွေဦး၏ အစွန့်ပစ်ခြင်းခံသီအိုရီ
နွေဦးရဲ့ အစွန့်ပစ်ခြင်းခံသီအိုရီ
ကြွေရွက်ကစွန့်ခွာသူမဟုတ်ဘူး မိမိခိုင်
အပင်ကသာ
စွန့် ပစ် ရက် သူ
အလွမ်းတွေ ဆောင်းညထဲစီးဆင်းသ၍
ခုတော့ ငါဟာ
နွေဦးကိုမျှော်နေသူမို့။
ဆိုပါစို့
အိပ်ပျော်နေသူအတွက် ညတာရှည်နဲ့
အိပ်မပျော်သူအတွက် ညတာရှည်
တူမလား
ငါ့ဆောင်းညဟာ
နှင်းထဲမှာ နစ် လို့။
လွမ်းကျန်ရစ်သူကြီးရဲ့ကဗျာမှာ
နင့်မျက်စောင်းတွေ မွစာကြဲ
နင့်ရယ်သံတွေ မွစာကြဲ
ဒီမှာကွယ် … ဒီမှာ
ရင်ကိုခွဲပြတာတော့မဟုတ်ပါဘူး
ရင်ကိုခွဲသွားခံရတယ်ဆိုတာ ပြချင်လို့
မသိချင်ယောင်ဆောင်ထားသူက ကျီစယ်ရင်း
အလွမ်းနှင့်သာ အဆုံးသတ်လေသည် လို့
ငါ့ရင်ဘတ်မှာ လာ တံဆိပ်ကပ်လိမ့်။
ဝေးကွာခြင်းဟာ ရယ်စရာမကောင်းပါဘူး မိမိခိုင်
နာကျင်ကြေကွဲရခြင်းကို လှောင်ပြုံးတွေအောက်မှာ
အခါခါ ငါနစ်ဘူးရဲ့
ခု သမုဒ္ဒရာကြမ်းပြင်မှာပေါ့ ညီမလေးရယ်
ပြန်လှည့်မလာတော့တဲ့ ခြေလှမ်းကို ငေး … လို့
ကြွေရွက်လို
အပင်မှာ ပြန်တပ်ထားလို့ မစိမ်းနိုင်တော့ဘူး
နွေဦးမှ မဝင်ခင်က
ဆောင်းတစ်ည
နင်တို့ Happy New Year! လို့ အော်မယ့်ည
မိမိခိုင်ရေ ငါ့မှာ
ယူကျုံးမရ
တသသ။ ။
(24/12/2008 – 31/12/2008)
အဝေးဆုံးဆိုတာကိုပဲ ဖက်တွယ်ထားမယ်
မညီမျှခြင်းတစ်ခုလောက် ချကြည့်ဖို့ကောင်းတယ်
တစ်ဖက်သက်ဆန်လွန်းလို့မဟုတ်ဘူး
ငါ အမြဲသူများထက် တစ် လျော့နေလို့
မြက်ရိုင်းတွေလို ပေါက်ခဲ့တဲ့အိပ်မက်
ရိတ်သိမ်းလို့ကို မကုန်နိုင်ဘူး။
ခဏခဏ ချချ သွေလွန်းတဲ့ ဓါး လို
ညည တွေးပါများလွန်းလို့
ပါး လျ နေတဲ့ အိပ်မက်…
ဒီမှာ နောက်ထပ် မညီမျှခြင်းတစ်ခုလောက်
ငါ တစ်ရက်ကို (၂၄)နာရီမက လွမ်းတတ်လွန်းလို့
အလွမ်းတွေ ဆိုရင်လည်း အလွမ်းတွေ ကိုပဲ၊
အမုန်းတွေ ဆိုလည်း အမုန်းတွေ ကိုပဲ
အဝေးဆုံး ဆိုလည်း
အဝေးဆုံး ဆိုတာကိုပဲ ဖက်တွယ်ထားမယ်
ဘာကိုမှ ရင်မခုန်တတ်တော့တဲ့နောက်
ညတွေ နေ့တွေ
လွမ်းဖို့ကိုပဲ အလှည့်ကျ တန်းစီနေလေရဲ့ ။ ။
( 22/10/2008, Wed )
အထီးကျန် ည
ည…
အဝေးဆုံးထိပြေးထွက်ဖို့
စိတ်ကူးကို
စိတ်ကူးနဲ့သတ်
ဗီလိန်ခန်းမှာသရုပ်ဆောင်ရပါများတော့လည်း
ယဉ်သွားပြီ။
နောက်ဆုံးကဗျာကိုမရေးမီ
နောက်ဆုံးသီချင်းတစ်ပုဒ်ကို
နောက်ဆုံးမျက်ရည်တစ်စက်နဲ့
ဆိုပါရစေ။
ညရဲ့…
ဟိုး အဝေးဆုံးထိပြေးထွက်ဖို့
အိပ်မက်ကို
အိပ်မက်နဲ့သတ်
ဇာတ်လမ်းဇာတ်ကွက်က
ဒါပါပဲ
နောက်ဆုံးတော့ ငါပဲ
… ကွဲရော။
ဤဒေသ၌ မိုးမရွာရ
… ဆို
ဘာလို့တိမ်တွေဖြတ်ပျံလဲ
ကမ်းစပ်တွေပဲ့ကျအောင် လှိုင်းရိုက်သွား
ဟောကြည့်
ခုဆို ကမ်းစပ်ဟာ ကမ်းစပ်ပဲ
အစိပ်စိပ်အမွှာမွှာကွဲ လို.။
အိပ်မက်တစ်စုံတစ်ရာမှ
မက်ခွင့်မပေးဘဲနဲ့တော့ …
ည
မင်းငါ့ဆီမလာနဲ့
နှင်းဆီရိုင်းတွေအိပ်ပျော်တုန်း
အဝေးဆုံးကိုပြေးပုန်းခဲ့ပြီ။ ။
(31/08/2008, Sunday)
လမ်းပျောက်ကြယ်
အမှောင်ထုထဲမှာ
နေသားတကျ
အရာရာ တည်ရှိနေခြင်းအကြောင်း
အရာရာပျောက်ဆုံးနေခြင်းအကြောင်း
ည ကို ခံစားကြည့်ဖို့
နေရောင်ခြည်လိုအပ်ပါသလား
အလွမ်းတွေနဲ့ ပိနေရင်း
အချစ်ဟာ အဝေးကို ထွက်ပြေးနေ
လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့
မျက်ဝန်းလေးတစ်စနှစ်စမှ ချန်မထားရက်ခဲ့ဘူး
ဒီမှာ…
ဒီမှာ မြင်ကြည့်လှည့်
သွားစရာ လမ်းရှိတယ်
လျောက်စရာ ခြေထောက်လည်းရှိတယ်
ဒါပေမယ့် သေဆုံးနေသူကို
ဘယ်သူလာ အသက်သွင်းပေးနိုင်မလဲ
သွားပြီ…
တစ်ဘဝစာ ဆိုလည်း ဟုတ်တယ်
သံသရာတစ်ခုလုံးစာဆိုလည်း ဟုတ်တယ်
တရိပ်ရိပ်ကွယ်ပျောက်နေတဲ့အနာဂါတ်
မိုးစက်တို့ မကျမှတော့။ ။
Spring Tree
ပန်းတွေ နွမ်းနေမှ
ရေမရှိတော့မှန်း သိလိုက်ရသလိုမျိုး
တစ်ခါတစ်ခါကျ
မနက်အိပ်ရာ ထ တာတောင်
အိပ်မက်တစ်ခုကို မြင်ယောင်နေတုန်း
မျက်လုံးအိမ်မဖွင့်ခင်
သူ့ကို အရင် မြင်မြင် နေရ
သဘာဝ တစ်ခုလို။
ဒဏ်ရာရ နေ့ရက်တွေများ
စီးကရက်မီးညှိထားတာကို
လေတိုက်ခံရသလို
အို …
အရာအားလုံး
ပြီးဆုံးပြီ … ပြီးဆုံးပြီ ဆိုမှ
ငိုရ
ထို … ခဏမှာပဲ
အလဲလဲ အကွဲကွဲ
ဒါတောင်
အသဲထဲ စွဲမြဲစဲ တဲ့။
ကဲ
ရင်ဆိုင်နိုင်ရင်
သခင်ကိုမျှော်နေတဲ့ မနက်ဖြန်
အထီးမကျန်စေနဲ့။ ။
( Sometime in 2008 )
မင်း သိပ်မုန်းတဲ့…ငါ
သိပ် မုန်းနေခဲ့သလား
ဆိတ်သုဥ်းစေတဲ့စကားကို ဆို
အလို
မျက်နှာနုနုလေး ညို လို့ပါလား။
တော်တော်အမြင်ကပ်သလား
ပေါ်ပေါ်တင်တင် ရက်စက်သွားတာ
ပြတ်သားမှု
ထွက်သွားအခု တဲ့။
အရမ်းစိတ်ပျက်တာပဲလား
အလွမ်းနှိပ်စက်လို့သာ
လာခဲ့တာပါကွယ်
ဘယ်…
မင်းတစ်ကယ် စိတ်ဆင်းရဲတယ်ဆိုရင်
(နောက်ဆို မင်းရှေ့မှာ)
ငါ့ကို မမြင်စေရပါဘူး။
ဘယ်လိုမှ မထူးတော့
အဝေးမှာပဲ ရူးနေတော့မှာ၊
ဘယ်လိိုမှ မဖြစ်တော့
အဝေးကပဲ ချစ်နေတော့မှာ၊
ဘယ်လိုမှ မမုန်းနိုင်တော့
အဝေးမှာပဲ အရှံးနဲ့ မှိုင်ကာ…
မင်း သိပ်မုန်းတဲ့ …ငါ။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)
ဧကရီ
ဧကရီရေ…
နွေအမှီကွဲပြချင်နေတဲ့
ငါ့အသည်းကိုလည်း ပန်ဆင်ပါ။
ဧကရီရေ…
လေပြေတွေတိုက်ခတ်
ဟောဒီနွေရက်တွေမှာ
မိုးစက်ကိုသာ အလိုရှိရင်
ဝင်ရိုးစွန်းဒေသထက်
လက်ဆက်အေးမြတဲ့
ငါ့ မျက်ရည်စတွေ
ရွာချပေးပါရစေ။
ဧကရီရေ…
ရီဝေဝေအပြုံးတွေထဲမှာ
စကားလုံးတွေကွဲရှ
အဲဒါ မာန လားကွယ်။
ဧကရီရေ…
နေခြည်တွေဖြန်းပတ်
ဒီမနက်မှာပဲ
ငါ သေဆုံးသွားခဲ့ပါတယ်။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)
သူမနှင့်ပတ်သက်၍
သူမနှင့်ပတ်သက်၍
နေ့ရက်များစွာ
တစ်ခါတစ်လေ တမ်းတ
တစ်ခါတစ်လေ လွမ်းရ
မှန်းဆလို့ လမ်းမမြင်
ကျွန်တော့်ရင်တွင် သူမအမြဲရှိနေခဲ့၊
ကျွန်တော့်ရဲ့ အကျည်းတန်ရုပ်နဲ့
အထီးကျန်ကမ္ဘာ
မီးလျှံပမာပူပြင်းတဲ့
ကျွန်တော့် ရင်ခွင်တွင်းမှာ
ချစ်ခြင်းတွေသာရှိကြောင်း
သူမ ကောင်းကောင်းမသိခဲ့ဘူး။
သူမနှင့်ပတ်သက်၍
အိပ်မက်များစွာ
တစ်ခါတစ်လေ အဝေး
တစ်ခါတစ်လေ ဆွေး
ကျွန်တော့်အတွေးထဲ
သူမ အမြဲရှိနေဆဲ
အသိတွေ ဝေခွဲမရ၊
ကျွန်တော့်ဘဝ အမှောင်ကမ္ဘာမှာ
အရောင်အဝါဆိုတာ မရှိ
နောင်အခါကိုကြည့်လည်း
ဘယ်ထိလွမ်းရမည်မသိဘဲ
ကျွန်တော့်အသည်းက
အမြဲမျှော်လင့်ဆဲဖြစ်ကြောင်း
သူမ ကောင်းကောင်းသဘောမပေါက်ခဲ့ဘူး။
သူမနှင့်ပတ်သက်၍
အယူအဆများစွာ
တစ်ခါတစ်လေ ရွှင်ပျ
တစ်ခါတစ်လေ ဘဝင်မကျ
အရင်ကအချိန်တွေကို
ကျွန်တော် ပြန်လိုချင်မိခဲ့
သူမနှင့် အကြည့်ချင်းဆုံတဲ့
ရင်ခုန်ဘွယ် ငယ်ဘဝ၊
သူမနှင့်ပတ်သက်သမျှ
တစ်ဖက်သက်မို့ အလိုမကျလျှင်
ရက်စက်လိုက ရက်စက်နိုင်ကြောင်း၊
ဖြစ်လာသမျှအကောင်းထင်၍
ကျွန်တော်ရင်ဆိုင်ရန်အသင့်
အရှင်သခင့်အမှုတော်ထမ်းမို့
ဘယ်လမ်းကိုစေစေ
ဘယ်နေရာရောက်ရောက်
သူမရှေ့မှောက်မှာပဲ
အမြဲ ခစားလိုတဲ့
ကိုယ်ရံတော်သူရဲကောင်းအဖြစ်
ကျွန်တော့်သစ္စာ မေတ္တာစစ်နှင့်
သူမကိုချစ်သည့်အကြောင်း
သူမကို ကောင်းကောင်းနားလည်စေချင်သည်။
( သူမနှင့်ပတ်သက်၍
မမေ့ရက်ခဲ့ပါ
တစ်ခါတစ်လေ စိတ်တို
တစ်ခါတစ်လေ ကြိတ်ငို
ကိုယ့်ကိုကိုယ် အလိုမလိုက်
ရှိုက်နေလျှင် ငိုဖြစ်မည်မို့
တောင်ခြစ်မြောက်ခြစ် ကဗျာစပ်
အကြောင်းအရာတွေလည်း ထပ်လှပြီ။)
(ကျောင်းသားဘဝ အမှတ်တရကဗျာများမှ)
(ဤကဗျာသည် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်)
သူ့ အလိုကျ
ယုံစားလိုက်
အဲဒီ
ပုံမှားရိုက်ထားတဲ့ စကားတွေကို
သူ့ အလိုကျ။
စကားရှာ
သွားစရာရှိလို့တဲ့
ကျန်နေရစ်ခဲ့ရ
သူ့ အလိုကျ။
စကားလုံးတွေ
အပြုံးတွေထည့်
မမြင်ချင်တဲ့သဘော
မာကျောခက်ထန်
နှုတ်ဆက်ရန်မဖြစ်
ရုတ်တရက် ပြန် လစ်ခဲ့ရ
သူ့ အလိုကျ။
သူ့ အလိုကျ
အခု ငိုရ
အခု ရယ်ရ
တစ်ကယ်ကျ
ဆယ်ဘဝစာ မုန်းနေတဲ့
သူ့မျက်လုံးအပြုံးကိုရဖို့
နှလုံးအကြေမွခံမယ့်ဘဝ
ဪ…
သူ့ အလိုကျ။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)
Only You (2)
နင်ဟာ…
ဘဝ
ငါ့ ရှိသမျှ
ခွန်အား
ဝပ်တွား
ကိုးစားရာ။
နင်ဟာ…
အလင်း
ငါ့ ရင်တွင်း
ဂူသွင်း
သော့ခတ်
ငါ့ စိတ်ဓါတ်တို့ ဖြစ်တည်ရာ။
နင်သာ…
တစ်ဦးတည်း(ထဲ)
ငါ့ အိပ်မက်ထဲ
စွဲမြဲ
ငါ့ကမ္ဘာထဲ
မခေါ်ရဲပေမယ့် …
နင်သာ…
အစဥ်ထာဝရ။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများမှ)
Only You
ထိုင်ဆိုထိုင်
ထဆိုထ
နင်သာလျှင် ငါ့ဘဝ။
သေဆိုသေ
ရှင်ဆိုရှင်
နင်သာလျှင် ငါ့သခင်။
ချစ်လိုချစ်
မုန်းလိုမုန်း
(ငါကတော့)
နင်သာလျှင် သက်ထက်ဆုံး။
(ကျောင်းသားဘဝ အပျော်တမ်းကဗျာများ မှ)
Star Flower
လေပြေညှင်း
ခရေတွေသင်းရင်ဖြင့်
ခင့်ကိုရည်စူး
ခရေဦးကို ခူးလို့သီ
ပေးမည်ထားရွယ်
ခင်ရယ်မရှိ၊
ဝေးပြီလားကွယ်
ရင်ဝယ်မချိ။
လေမွှေရင်
ခရေကြွေသာ ရမှာမို့
နေမရှိ
မြေမထိခင်
အပင်ထက်
အရင်တတ်လို့
ခင်အတွက်မှန်း
ပန်းတွေကိုစဉ်
နမ်းစေလိုချင်တယ်
… ခင်ရယ်။
ပန်းခရေ
ခင်မရှိလို့ အနမ်းမဝေရင်
ကြွေကာ မြေမှာ ခြောက်ရသလို
အလွမ်းတွေ
ခင်မသိလို့ အခန်းရှည်ရင်
ဝေဒနာတွေသာ ရောက်ရလိမ့်မယ်။
ခင်ရယ်..
ခရေတွေ မညှိုးခင်
နွေရင်ခွင်မှာ
လေပြေနဲ့ မိုးကို ဆင်လှည့်ပါတော့လား။ ။
( ၂၀၀၅ )