ဘာ့ကြောင့်သောက်သောက်
အားလုံးကို မေ့ပျောက်နိုင်အောင်သောက်
ကျိန်စာမိနေတဲ့ နေ့တွေမှာ
အသက်ရှုမိတာကအစ
နှလုံးသွေးစီဆင်းနေတာအဆုံး
ငါ့မှာြဖစ်ပျက်သမျှ အကုန်လုံးမှားတယ်
ကော်ဖီထက် အရက်ကို ပိုကြိုက်လို့မဟုတ်
အချစ်ထက် အလွမ်းကို ပိုနှစ်သက်လို့မဟုတ်
ဒုက္ခကို ပိုမက်မောလို့မဟုတ်ပါဘဲ
ငါ့မှာပိုင်ဆိုင်သမျှ ဘဝလက်ကျန်နာရီတွေထဲ
ဒဏ်ရာတွေပဲ အပြည့်
ကျိန်စာမိနေတဲ့ နေ့တွေထဲဆို
ဘယ်အတွေးကို စစ
ဘယ်ဒေသကို ရောက်ရောက်
ဒဏ်ရာတွေဟာ ဖျောက်မရဘူး
ကျိန်စာမိနေတဲ့နေ့တွေထဲ တိုးဝင်ဖို့
စိတ်ကို အလျားလိုက်ဖြန့်ခင်း
လောကဓံဝပ်ကျင်းလေးထဲ အသားကျအောင်ထည့် လို့
ကံကြမ္မာရေဆန်လမ်းရဲ့ နာရီတို့ကို ကြိုမယ်
နေ့တွေလာမလား ညတွေလာမလား
ခရမ်းရောင် နှုတ်ခမ်းပါးလေးတွေ ဝေဝါးသွားတဲ့အထိ
အားတင်းကာ ဆက်လက်ရှိနေဦးမယ်
အကြိမ်ကြိမ်အဖန်ဖန်
အပြန်ပြန်အလှန်လှန်မီးပူထိုးလို့လည်း
ပြန့်ပြူးမလာတော့တဲ့ ဘဝတစ်ခုမှာ
များများစားစား မလိုပါဘူး
ကျိန်စာမိနေတဲ့ နာရီတွေကုန်လွန်စေဖို့
အပူချိန်ဒီဂရီလျော့ကျစေမယ့်
ရေခဲတုံးသေးသေးတစ်ချို့ပဲလိုတယ်။
မေ (၁၈) ရက်၊ (၁၂) နာရီ (၅၀) မိနစ်