ငဲ့လို့ဖြင့်ပြုံးပါဦး

ငဲ့လို့ဖြင့်ပြုံးပါဦး
မျက်လုံးနီလာ၊ ကြည်ပြာရွှန်းလဲ့
ပိတုန်းကေသာ
လေအလာနွဲ့ယိမ်းလို့လွင့်တဲ့ပြင်
လဲ့စိမ်းမြသွေးကြောရှင်ကို
မြင်ရုံတမင်လှမ်းလေသလား
ခြေဖျားအသာလှဲ့ပြန်တော့
ဝင်းလဲ့လဲ့မြင်လိုက်သည်။

ယခင်နေ့ဆီက
မြင်တွေ့မည်အမျှော်ကြီးရယ်နှင့်
အပျော်ကြီးပျော်ပါလို့
ပေါ်မလာ မျှော်ကာတမ်းရတယ်
လွမ်းစရာရယ်ဘယ်မသိသော်လဲ
လွမ်းမိသည်ဟန်မလှေပဘု
နွမ်းလျခဲ့ပြီ။

ပြောရဦးမယ်နော်
မျက်ဝန်းပြာမှာပျော်ဝင်ခဲ့ရ
ခါတရံညများဟာဖြင့်
ရယ်သံတွေဖမ်းစားနိုင်လွန်းရဲ့
လွမ်းဖွယ့်အပြုံးဘယ်မမေ့လို့
နေ့တို့ရက်တို့ရူးတော့မည်
ထာဝရပင်ရည်စူး။

ငဲ့လို့ဖြင့်ပြုံးပါဦး
မျက်လုံးနီလာ၊ ကြည်ပြာရွှန်းလဲ့ကိုမှ
မေ့မရညစဉ်
တွေ့ရလျင်နာကျင်လို့ရူးလိမ့်
ဖြေသိမ့်ရာနေရာမရှိပါလည်း
ဝေဒနာပိကာလဲရော့ထင့်
နှင်းဆီရောင်လွင့်ပါးပြင်ကို
နားခိုချင်အကြည့်ရိုင်းကြောင့်
ညတိုင်းပင်အိပ်မဖြောင့်သည်
စောင့်စားမျှော်ရည်
ခပ်လှမ်းလှမ်းဆီက
လေအပြေးမှာ ခြေကလေးအသာလှဲ့လို့
ကေသာမှောင်သွဲ့သွဲ့ပြောင်းနှင့်
မျက်လုံးကြည်ပြာရှင်ရဲ့
ငဲ့လို့ဖြင့်ပြုံးပါဦး။ ။

(03/10/2008)

ဆရာဇော်ဂျီ၏ မျက်လုံးနီလာ ကဗျာကို အတုခိုးရေးသားထားခြင်းဖြစ်သည်

🗓️12/04/2014