ဒဿန

သတင်းတွေလျော့ဖတ်
သီချင်းတွေများများနားထောင်ပါ
ခေတ်ကြီးမှာ
ငြိမ်းချမ်းမှုဟာ အညာကမိုးရေတစ်စက်ထက်ပိုရှား။

လူတို့
ကိုယ့်အပူနဲ့ကိုယ်
သံသရာတွေဆောက်ကြ
မြက်ရိုင်းတွေလောက်မှ
ဘဝမှာ
လွတ်လွတ်လပ်လပ်ရှင်သန်ခွင့်မရကြရှာ။

သောကတွေ အလျံငြီးငြီး
ပူပြင်းတဲ့ကမ္ဘာကြီးမှာ
ပျော်အောင်နေပါ
စိန်ပန်းတွေပွင့်လို့ ပျော်အောင်နေပါ
ပုစဥ်းရင်ကွဲတွေအော်လို့ ပျော်အောင်နေပါ
ဖုန်းလိုင်းမိလို့ ပျော်အောင်နေပါ
ရထားမီလိုက်လို့ ပျော်အောင်နေပါ
ပျော်အောင်သာနေပါ
လှိုက်ကြွေနေတဲ့မျက်ရည်ဆိုတာ
နေပူရုံနဲ့ အငွေ့ပျံခြောက်ခန်းသွားမှာမှမဟုတ်တာ။

🗓️27/10/2017