(၁၈)ရက်နေ့ကို ငါသိပ်မုန်းမိတယ် အိဖြူရယ် ဆိုတဲ့အကြောင်း

မျှော်လင့်သမျှဟာ မီးကျွမ်းသွားတဲ့နှင်းဆီတစ်ပွင့်
ဖြစ်ကရော…
လွမ်းလေသူမှာစကား ပါရဲ့
ချစ်လေသူချစ်စကား ဆိုရဲ့
ထိပ်ထိပ်လန့်လန့် လေပြင်းလာသလို
အမှောင်ကိုကြောက်သလို
မုန်တိုင်းကိုကြောက်သလို
ထိပ်ထိပ်လန့်လန့်
နင်ပြေးထွက်လေတယ်။

နာရီလက်တံတွေ ဒရွတ်တိုက်ဆွဲ
ငင်ရာနောက် သောကဗျာဗွေတရှပ်ရှပ်
မိခင်ကွဲ ဖခင်ကွဲ မုန်တိုင်းထဲ ရင်သွေးငယ်
အမိကို တမ်းသလိုပါ့
နင့်စိတ်နဲ့ရှင်သန်လာရသူ ဘဝတစ်လျောက်
နံရံအထပ်ထပ်ခြားစေမယ့်
နင် စကားကိုဆိုရက်။

ပွင့်ခဲ့သမျှနှင်းဆီတိုင်း နင့်ရနံ့တွေချည်း
အရုဏ်တတ်တိုင်း နင့်အပြုံးနဲ့မျက်နှာသစ်သူကို
မိုးစက်တစ်စက်တိုင်းမှာ…
အမုန်း(၅၀%)၊ ဥပေက္ခာ(၃၀%)၊
ရက်စက်မှူ(၂၀%) နဲ့
ငါ့အပေါ်ရွာလေတယ်
မိုးစက်များစွာ ရွာလေတယ်။

ငါ့ချစ်ခြင်းများစွာ
ငါ့ကြင်နာခြင်းများစွာ
နင့်ဥပေက္ခာဖြစ်ရော့လား
မုန်းဖို့ကိုပဲ စဥ်းစားလေသူရဲ့
ကြည်နူးမှုတွေ သဲပြင်ပေါ်ကရေအိုင်လေးလို
အဲသဟာပေါ့ ငါဟာ
မီးမြိုက်ခံရတဲ့ နှင်းဆီတစ်ပွင့်။

သစ်ပင်တစ်ပင်ဖြစ်ဖြစ်
သစ်ကိုင်းတစ်ကိုင်းဖြစ်ဖြစ်
သစ်ရွက်တစ်ရွက်ဖြစ်ဖြစ်
နင့်မျက်နှာနေမထိအောင်
ငါ ဖြစ်ရရင်
ငါကျေနပ်ပါ့ရဲ့
နင် ကျေနပ်ပါလှည့်။ ။

(၁၈၊ ၀၅၊ ၂၀၀၉။ တနင်္လာ)

🗓️18/05/2009