အဖြစ်အပျက်မှာ…
ရာသီရွေ့ ဆံနွယ်ခွေရှည်လျား
အိပ်မက်များများ ၊ ညများများ
စောင့်သိမှု သစ္စာ
ချွေးဥစို့စို့ လက်တွဲမြဲခဲ့သမျှမှာ
မိုး… တစ်မိုးတည်းအောက်
မြေ… တစ်မြေတည်းပေါ်
ပင်လယ်ဆီ မစီးဆင်းခဲ့တဲ့မြစ်
‘ချစ်တိုင်းလည်း မငြား ဒီစကားကိုသာ’
ခါးခါးသီးသီး ခါးခါးသီးသီး
ခါးခါးသီးသီး နာရီလက်တံတွေ အန်ထုတ်
ဒိုင်ယာရီပေါ်ထွက်ကျလာတဲ့အပြုံးမှာ
မှော်ဝင်နေတဲ့ အပြုံး
ပဉ္စလက်ဆန်ဆန်အပြုံး
လှည့်စားထားတဲ့အပြုံး
ငါ အံ့သြရဲ့
ငါ အံ့သြရဲ့ တစ်ခါက မိလွမ်းပို
လှည့်စားခြင်းရဲ့ အနုပညာပြကွက်
ငါ့ သစ္စာတရားများစွာကို ရိုက်ချိုးပေါ့
ယုတ္တိဆန်ဆန် တွယ်နှောင်ရစ်ဖွဲ့
ဖြူစင်သွယ်လျ လက်တွေ မြွေလို
ခုတော့ မြွေလိုပဲ
နှလုံးခုန်သံ တစ်ချက်တစ်ချက်တိုင်း နာကျင်ရဲ့
စိတ်နဲ့
အဲဒီစိတ်နဲ့ပဲ မာယာရဲ့
တစ်ရှုးစ ချွေးစိုစိုသုတ် ချေမွ ပစ်လွင့်သလိုပါ့
ဘဝပါးပါးပါ
မာယာရေ…
နင့် ဖိတ်စာမွှေးပျံ့ပျံ့ပေါ်
ဘဝပါးပါးတစ်လွှာ
လွင့် လို့ ကြေ ။ ။