သူမနှင့်ပတ်သက်၍
နေ့ရက်များစွာ
တစ်ခါတစ်လေ တမ်းတ
တစ်ခါတစ်လေ လွမ်းရ
မှန်းဆလို့ လမ်းမမြင်
ကျွန်တော့်ရင်တွင် သူမအမြဲရှိနေခဲ့၊
ကျွန်တော့်ရဲ့ အကျည်းတန်ရုပ်နဲ့
အထီးကျန်ကမ္ဘာ
မီးလျှံပမာပူပြင်းတဲ့
ကျွန်တော့် ရင်ခွင်တွင်းမှာ
ချစ်ခြင်းတွေသာရှိကြောင်း
သူမ ကောင်းကောင်းမသိခဲ့ဘူး။
သူမနှင့်ပတ်သက်၍
အိပ်မက်များစွာ
တစ်ခါတစ်လေ အဝေး
တစ်ခါတစ်လေ ဆွေး
ကျွန်တော့်အတွေးထဲ
သူမ အမြဲရှိနေဆဲ
အသိတွေ ဝေခွဲမရ၊
ကျွန်တော့်ဘဝ အမှောင်ကမ္ဘာမှာ
အရောင်အဝါဆိုတာ မရှိ
နောင်အခါကိုကြည့်လည်း
ဘယ်ထိလွမ်းရမည်မသိဘဲ
ကျွန်တော့်အသည်းက
အမြဲမျှော်လင့်ဆဲဖြစ်ကြောင်း
သူမ ကောင်းကောင်းသဘောမပေါက်ခဲ့ဘူး။
သူမနှင့်ပတ်သက်၍
အယူအဆများစွာ
တစ်ခါတစ်လေ ရွှင်ပျ
တစ်ခါတစ်လေ ဘဝင်မကျ
အရင်ကအချိန်တွေကို
ကျွန်တော် ပြန်လိုချင်မိခဲ့
သူမနှင့် အကြည့်ချင်းဆုံတဲ့
ရင်ခုန်ဘွယ် ငယ်ဘဝ၊
သူမနှင့်ပတ်သက်သမျှ
တစ်ဖက်သက်မို့ အလိုမကျလျှင်
ရက်စက်လိုက ရက်စက်နိုင်ကြောင်း၊
ဖြစ်လာသမျှအကောင်းထင်၍
ကျွန်တော်ရင်ဆိုင်ရန်အသင့်
အရှင်သခင့်အမှုတော်ထမ်းမို့
ဘယ်လမ်းကိုစေစေ
ဘယ်နေရာရောက်ရောက်
သူမရှေ့မှောက်မှာပဲ
အမြဲ ခစားလိုတဲ့
ကိုယ်ရံတော်သူရဲကောင်းအဖြစ်
ကျွန်တော့်သစ္စာ မေတ္တာစစ်နှင့်
သူမကိုချစ်သည့်အကြောင်း
သူမကို ကောင်းကောင်းနားလည်စေချင်သည်။
( သူမနှင့်ပတ်သက်၍
မမေ့ရက်ခဲ့ပါ
တစ်ခါတစ်လေ စိတ်တို
တစ်ခါတစ်လေ ကြိတ်ငို
ကိုယ့်ကိုကိုယ် အလိုမလိုက်
ရှိုက်နေလျှင် ငိုဖြစ်မည်မို့
တောင်ခြစ်မြောက်ခြစ် ကဗျာစပ်
အကြောင်းအရာတွေလည်း ထပ်လှပြီ။)
(ကျောင်းသားဘဝ အမှတ်တရကဗျာများမှ)
(ဤကဗျာသည် တစ်စုံတစ်ယောက်အတွက် ရည်ရွယ်ရေးသားထားခြင်းဖြစ်သည်)