ငါမျှောင်လင့်ခဲ့တယ်
ပူလောင်ခြောက်သွေ့ ကောင်းကင်ကို
မော့ကြည့်နေတဲ့ ပတ်ကြားအက်မြေသားတွေရဲ့မျှော်လင့်ခြင်းမျိုး
နှင်းဆီရဲ့ ဆူးခက်တွေပေါ်
မိုက်မိုက်ကန်းကန်း ဖက်တွယ်တက်လာတဲ့
ဆပ်ပြာပူဖောင်းလေး ငါပါ
နင့်နှလုံးသားဟာ သစ်သားပန်းပုတစ်ခုဖြစ်နေလိမ့်
ဒါပေမယ့် ငါ မျှော်လင့်ခဲ့တယ်
ကဗျာတွေရေးပြီး ငါ မျှော်လင့်ခဲ့တယ်
သီချင်းတွေဆိုပြီးငါမျှော်လင့်ခဲ့တယ်
နင် မျက်နှာလွှဲလိုက်တဲ့ခဏ
အလွမ်းတွေက ဒီရေလိုမြင့်တက်သွားတယ်
နင့်အခန်းရှေ့မှာ ရပ်ရင်း ငါ မျှော်လင့်ခဲ့တယ်
နင့်ခြေလှမ်းတွေရေတွက်ရင်း ငါ မျှော်လင့်ခဲ့တယ်
သူရဲကောင်းတွေကတော့ မြေအောက်ရထားတွေလို
ဘူတာစဉ် ခုတ်မောင်းသွားကြ
သူရဲကောင်းမဟုတ်သူမှာသာ
အသဲကွဲသူများနေ့လက်ဆောင် တပုံကြီးရယ်နဲ့…
ဒါပေမယ့်… ငါ မျှော်လင့်ခဲ့တယ်။ ။