အဝေးဆုံးဆိုတာကိုပဲ ဖက်တွယ်ထားမယ်

မညီမျှခြင်းတစ်ခုလောက် ချကြည့်ဖို့ကောင်းတယ်
တစ်ဖက်သက်ဆန်လွန်းလို့မဟုတ်ဘူး
ငါ အမြဲသူများထက် တစ် လျော့နေလို့
မြက်ရိုင်းတွေလို ပေါက်ခဲ့တဲ့အိပ်မက်
ရိတ်သိမ်းလို့ကို မကုန်နိုင်ဘူး။

ခဏခဏ ချချ သွေလွန်းတဲ့ ဓါး လို
ညည တွေးပါများလွန်းလို့
ပါး လျ နေတဲ့ အိပ်မက်…
ဒီမှာ နောက်ထပ် မညီမျှခြင်းတစ်ခုလောက်
ငါ တစ်ရက်ကို (၂၄)နာရီမက လွမ်းတတ်လွန်းလို့
အလွမ်းတွေ ဆိုရင်လည်း အလွမ်းတွေ ကိုပဲ၊
အမုန်းတွေ ဆိုလည်း အမုန်းတွေ ကိုပဲ
အဝေးဆုံး ဆိုလည်း
အဝေးဆုံး ဆိုတာကိုပဲ ဖက်တွယ်ထားမယ်
ဘာကိုမှ ရင်မခုန်တတ်တော့တဲ့နောက်
ညတွေ နေ့တွေ
လွမ်းဖို့ကိုပဲ အလှည့်ကျ တန်းစီနေလေရဲ့ ။   ။

( 22/10/2008, Wed )

🗓️22/10/2008