အထီးကျန် ည

ည…
အဝေးဆုံးထိပြေးထွက်ဖို့
စိတ်ကူးကို
စိတ်ကူးနဲ့သတ်
ဗီလိန်ခန်းမှာသရုပ်ဆောင်ရပါများတော့လည်း
ယဉ်သွားပြီ။

နောက်ဆုံးကဗျာကိုမရေးမီ
နောက်ဆုံးသီချင်းတစ်ပုဒ်ကို
နောက်ဆုံးမျက်ရည်တစ်စက်နဲ့
ဆိုပါရစေ။

ညရဲ့…
ဟိုး အဝေးဆုံးထိပြေးထွက်ဖို့
အိပ်မက်ကို
အိပ်မက်နဲ့သတ်
ဇာတ်လမ်းဇာတ်ကွက်က
ဒါပါပဲ
နောက်ဆုံးတော့ ငါပဲ
… ကွဲရော။

ဤဒေသ၌ မိုးမရွာရ
… ဆို
ဘာလို့တိမ်တွေဖြတ်ပျံလဲ
ကမ်းစပ်တွေပဲ့ကျအောင် လှိုင်းရိုက်သွား
ဟောကြည့်
ခုဆို ကမ်းစပ်ဟာ ကမ်းစပ်ပဲ
အစိပ်စိပ်အမွှာမွှာကွဲ လို.။

အိပ်မက်တစ်စုံတစ်ရာမှ
မက်ခွင့်မပေးဘဲနဲ့တော့ …

မင်းငါ့ဆီမလာနဲ့
နှင်းဆီရိုင်းတွေအိပ်ပျော်တုန်း
အဝေးဆုံးကိုပြေးပုန်းခဲ့ပြီ။   ။

(31/08/2008, Sunday)

🗓️31/08/2008