လေပြေညှင်း
ခရေတွေသင်းရင်ဖြင့်
ခင့်ကိုရည်စူး
ခရေဦးကို ခူးလို့သီ
ပေးမည်ထားရွယ်
ခင်ရယ်မရှိ၊
ဝေးပြီလားကွယ်
ရင်ဝယ်မချိ။
လေမွှေရင်
ခရေကြွေသာ ရမှာမို့
နေမရှိ
မြေမထိခင်
အပင်ထက်
အရင်တတ်လို့
ခင်အတွက်မှန်း
ပန်းတွေကိုစဉ်
နမ်းစေလိုချင်တယ်
… ခင်ရယ်။
ပန်းခရေ
ခင်မရှိလို့ အနမ်းမဝေရင်
ကြွေကာ မြေမှာ ခြောက်ရသလို
အလွမ်းတွေ
ခင်မသိလို့ အခန်းရှည်ရင်
ဝေဒနာတွေသာ ရောက်ရလိမ့်မယ်။
ခင်ရယ်..
ခရေတွေ မညှိုးခင်
နွေရင်ခွင်မှာ
လေပြေနဲ့ မိုးကို ဆင်လှည့်ပါတော့လား။ ။
( ၂၀၀၅ )