လမ်းပျောက်ကြယ်

အမှောင်ထုထဲမှာ
နေသားတကျ
အရာရာ တည်ရှိနေခြင်းအကြောင်း
အရာရာပျောက်ဆုံးနေခြင်းအကြောင်း
ည ကို ခံစားကြည့်ဖို့
နေရောင်ခြည်လိုအပ်ပါသလား
အလွမ်းတွေနဲ့ ပိနေရင်း
အချစ်ဟာ အဝေးကို ထွက်ပြေးနေ
လက်ဆုပ်လက်ကိုင်ပြစရာဆိုလို့
မျက်ဝန်းလေးတစ်စနှစ်စမှ ချန်မထားရက်ခဲ့ဘူး
ဒီမှာ…
ဒီမှာ မြင်ကြည့်လှည့်
သွားစရာ လမ်းရှိတယ်
လျောက်စရာ ခြေထောက်လည်းရှိတယ်
ဒါပေမယ့် သေဆုံးနေသူကို
ဘယ်သူလာ အသက်သွင်းပေးနိုင်မလဲ
သွားပြီ…
တစ်ဘဝစာ ဆိုလည်း ဟုတ်တယ်
သံသရာတစ်ခုလုံးစာဆိုလည်း ဟုတ်တယ်
တရိပ်ရိပ်ကွယ်ပျောက်နေတဲ့အနာဂါတ်
မိုးစက်တို့ မကျမှတော့။ ။

🗓️29/08/2008