နွေဦးရဲ့ အစွန့်ပစ်ခြင်းခံသီအိုရီ
ကြွေရွက်ကစွန့်ခွာသူမဟုတ်ဘူး မိမိခိုင်
အပင်ကသာ
စွန့် ပစ် ရက် သူ
အလွမ်းတွေ ဆောင်းညထဲစီးဆင်းသ၍
ခုတော့ ငါဟာ
နွေဦးကိုမျှော်နေသူမို့။
ဆိုပါစို့
အိပ်ပျော်နေသူအတွက် ညတာရှည်နဲ့
အိပ်မပျော်သူအတွက် ညတာရှည်
တူမလား
ငါ့ဆောင်းညဟာ
နှင်းထဲမှာ နစ် လို့။
လွမ်းကျန်ရစ်သူကြီးရဲ့ကဗျာမှာ
နင့်မျက်စောင်းတွေ မွစာကြဲ
နင့်ရယ်သံတွေ မွစာကြဲ
ဒီမှာကွယ် … ဒီမှာ
ရင်ကိုခွဲပြတာတော့မဟုတ်ပါဘူး
ရင်ကိုခွဲသွားခံရတယ်ဆိုတာ ပြချင်လို့
မသိချင်ယောင်ဆောင်ထားသူက ကျီစယ်ရင်း
အလွမ်းနှင့်သာ အဆုံးသတ်လေသည် လို့
ငါ့ရင်ဘတ်မှာ လာ တံဆိပ်ကပ်လိမ့်။
ဝေးကွာခြင်းဟာ ရယ်စရာမကောင်းပါဘူး မိမိခိုင်
နာကျင်ကြေကွဲရခြင်းကို လှောင်ပြုံးတွေအောက်မှာ
အခါခါ ငါနစ်ဘူးရဲ့
ခု သမုဒ္ဒရာကြမ်းပြင်မှာပေါ့ ညီမလေးရယ်
ပြန်လှည့်မလာတော့တဲ့ ခြေလှမ်းကို ငေး … လို့
ကြွေရွက်လို
အပင်မှာ ပြန်တပ်ထားလို့ မစိမ်းနိုင်တော့ဘူး
နွေဦးမှ မဝင်ခင်က
ဆောင်းတစ်ည
နင်တို့ Happy New Year! လို့ အော်မယ့်ည
မိမိခိုင်ရေ ငါ့မှာ
ယူကျုံးမရ
တသသ။ ။
(24/12/2008 – 31/12/2008)